ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များစုပေါင်း၍ နှမ်းသီးနှံစုပေါင်းရောင်းချပွဲပြုလုပ်

ပွင့်ဖြူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံများရောင်းချနိုင်ရန်အတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)၊ မြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)နှင့် မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ၌ တောင်သူအစုအဖွဲ့များစုပေါင်းပြီး နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပပြုလုပ်သည့် နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို ဇူလိုင်(၁၅)ရက်နေ့မှ ဩဂုတ်(၁၅)ရက်နေ့အထိ ရက်ပေါင်း (၃၀)ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိနှမ်းသီးနှံများကို ဝယ်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သီးနှံများဝယ်ယူရာ၌ အရည်အသွေးကောင်းမွန်မှုအပေါ်မူတည်၍ (A,B,C) အဆင့်များသတ်မှတ်၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

" ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ နွေနှမ်းပေါ်ချိန်ဖြစ်လို့ ဒေသခံတောင်သူတွေ သီးနှံအဆင်ပြေစွာရောင်းချနိုင်အောင် တောင်သူအစုအဖွဲ့များပူးပေါင်းပြီး နှမ်းသီးနှံစုပေါင်းရောင်းချပွဲပြုလုပ်ခြင်း ဖြစ်ပါတယ်။ သီးနှံစုပေါင်းရောင်းချပွဲဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)၊ မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ကဦးဆောင်ပြီး စီစဉ်ကျင်းပတာဖြစ်ပါတယ်။ အဲဒီလို သီးနှံစုပေါင်းရောင်းချပွဲစီစဉ်ပေးတဲ့အတွက် ဒေသခံတောင်သူတွေလည်း အဆင်ပြေကြတယ်။ ဒေသထွက်နှမ်းသီးနှံများဝယ်ယူရာမှာ အရည်အသွေးကောင်းမွန်မှုအပေါ်မူတည်ပြီး (A,B,C) အဆင့်များသတ်မှတ်ပြီး ဝယ်ယူပါတယ်။ ဈေးနှုန်းတွေကတော့ တစ်ရက်နဲ့တစ်ရက်မတူဘူးပေါ့ ဈေးအတက်/အကျပေါ်မူတည်ပြီး ဝယ်ယူပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ဝယ်ယူတဲ့ နှမ်းဈေးနှုန်းကတော့ နှမ်းနက်(A)အဆင့်က တစ်တင်းကို ငွေကျပ် ၁၅၈,၀၀၀/- ၊ (B)အဆင့်က တစ်တင်းကို ငွေကျပ် ၁၅၆,၀၀၀/- ၊ (C)အဆင့်က တစ်တင်းကို ငွေကျပ် ၁၅၄,၀၀၀/- ၊ နှမ်းဖြူ(A)အဆင့်က တစ်တင်းကို ငွေကျပ် ၁၃၅,၅၀၀/- ၊ (B)အဆင့်ကတစ်တင်းကို ငွေကျပ် ၁၃၃,၅၀၀/- ၊ (C)အဆင့်က တစ်တင်းကို ငွေကျပ် ၁၃၁,၅၀၀/- ၊ မဂျမ်းတော နှမ်းမျိုးကတော့တစ်တင်းကို ငွေကျပ် ၁၃၀,၀၀၀/- ဈေးနဲ့ ဝယ်ယူပါတယ်" ဟု ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)မှ အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများအဆင်ပြေစွာ သီးနှံရောင်းချနိုင်ရန်အတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)အဖွဲ့က ယခုကဲ့သို့ တောင်သူသီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများစိုက်ပျိုးရာတွင် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက်လိုအပ်တဲ့ တောင်သူအသိပညာပေးဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာနှင့်သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုပစ္စည်းများအချိုးကျ သုံးစွဲတတ်စေရေးနှင့်သဘာဝမြေဩဇာ အသုံးပြုရေးဆိုင်ရာများကို အသိပညာမျှဝေပေးခြင်းများ ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )