ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် ဇူလိုင် ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့သို့ ဇွန်လနှင့် ဇူလှိုင်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

‌ရှေးဦးစွာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့ဌာနအလိုက် မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြည်နယ်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောက်ဆောင်ရွက်မှုများကြောင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နောက်ကျခဲ့ရပါကြောင်း၊ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိလာပြီဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဦးစားပေးအဆင့်အလိုက် ခေါ်ယူခဲ့ပြီး ဝန်ထမ်းများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေးကိစ္စများနှင့် ပတ်သက်၍ စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်ရာတွင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်ကို အမြဲနှလုံးသွင်း၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျရာအခန်းကဏ္ဍအလိုက် တက်ညီလက်ညီဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဝန်ထမ်းများ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခြင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအား အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့သို့ ဇွန်လနှင့် ဇူလှိုင်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း(၅၅၁)ဦးအတွက် ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် ဝန်ထမ်းများကိုယ်စားဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းထောက်ပံ့ပေးအပ်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ပြန်လည်တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေကျပ် (၅၆,၂၀၂,၀၀၀) သိန်းဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)