သရက်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအုန်းမြင့်က ပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အာမခံမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတို့ စသည်ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ပြီး ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်သဲဦးဗိုလ်က ဆိုးဆေးအန္တရာယ်သတိပြုကာကွယ်နှင့် အစားအသောက်ဆိုးဆေးများ၊ သဘာဝဆိုးဆေး၊ ဓာတုဆိုးဆေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးသူ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ခေါင်စဉ်များဖြင့် အသိပညာပေးဟောပြောပေးခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်းက ကျေးဇူးတင်စကားပြောကြားပေခဲ့ကြောင်း သိရသည်။                

ဇော်ထက်(သရက်)