အထက်မင်းလှ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မလွန်ကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ စာကြောစာသင်တိုက်ကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၁၁) နာရီခွဲက မလွန်ကျေးရွာရှိစာကြောစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇင်နီလာဦးက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ မလွန်ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု(၅၂)စုမှ လူဦးရေ(၁၉၃)ဦးတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင်ဆန်ရိက္ခာဖိုးကျပ်(၂,၁၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၀၅,၃၀၀/-)ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇင်နီလာဦးနှင့်ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုများထံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)