မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေး

အထက်မင်းလှ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်အိမ်ထောင်စုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ အဆိုပါ အိမ်ထောင်စုဝင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ က ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး မြစ်ရေ ဝင်ရောက်လာမှုကြောင့် မြို့မရပ်ကွက်၊ တောင်ရပ်ကွက်၊ ရုံးရပ်ကွက်တောင်ပိုင်းရပ်ကွက်၊‌ ညောင်ပင်သာ (အရှေ့)၊ (အနောက်)ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ မလွန်ကျေးရွာ၊ ကတကျေးရွာ၊ ပေတောကန္နားကျေးရွာ၊ ကိုင်းကျေးရွာတို့မှ အိမ်ခြေ (၂၆၅)လုံး၊ အိမ်ထောင်စု (၂၆၅)စုသည် ဇူလိုင်လ(၁၄)ရက်နေ့တွင် မြစ်ရေဝင်ရောက်ခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင်(၁၃)ရက်နေ့က မလွန်ကျေးရွာမှ အိမ်ထောင်စု (၅၂)စု၊ ဇူလိုင် (၁၄)ရက်နေ့တွင် ရေဘေးသင့်အိမ်ထောင်စု (၂၆၅)စု၊ စုစုပေါင်း (၃၁၇)စု၊ လူဦးရေ (၁၂၄၇)ဦးရှိပြီး ရေဘေးသင့်အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန် (၁)ပြည်၊ ဆီ (၅၀)ကျပ်သားတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ထောက်ပံ့ပေးခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုဝင်များအား ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။           

ဇာဇာ(အထက်မင်းလှ)