ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားနေသော ကိုယ်လုံပညာနှင့် ဓားသိုင်းသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပြည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စိုးစိုးသက်သည် ယမန်နေ့ ညနေပိုင်းအချိန်ကဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားခန်းမ၌ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော ကိုယ်လုံပညာနှင့် ဓားသိုင်းပညာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ သင်တန်းသား၊ သင်တန်းသူများက ဂျူဒိုအခြေခံကျနည်း၊ ဂျူဒိုအခြေခံဂျွမ်းထိုးနည်း၊ ဂျူဒိုအခြေခံကိုင်ပေါက်နည်းနှင့် မြန်မာ့ဓားလမ်းကြောင်း(၆)ချက်တို့အား သရုပ်ပြကစားပြသကြရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် အဖွဲ့က အအေးဗူး၊ အာဟာရမုန့်များနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပေးပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် အဖွဲ့သည် ရွှေတောင်မြို့နယ်မှ အားကစားပြိုင်ပွဲအသီးသီးတွင် အနိုင်ရရှိခဲ့ကြသည့် ဆုတံဆိပ်များ ကြည့်ရှုခဲ့ကြပြီး အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဥ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေကြသည့် အားကစားသမားများအား သက်ဆိုင်ရာပြိုင်ပွဲအသီးသီး၌ တိုင်းဒေသကြီးဂုဏ်ဆောင်ကာ အနိုင်ရရှိအောင်ကြိုးစားကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)