ဆင်ပေါင်ဝဲ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ဘေးအန္တရာယ်မကျရောက်စေရန် ယမန်နေ့ နံနက်ပိုင်း အချိန်ကစတင်၍ ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပြောင်းရွေ့ပေးရာတွင် ကျွန်းကျေးရွာအတွင်းရှိ အိမ်ခြေ (၂၆) လုံး၊ အိမ်ထောင်စု (၂၆)စုမှ နွား ၈၁ ကောင်ကို မော်တော်ရေယာဥ်များဖြင့် ရေဘေးလွတ်ရာ ဇောင်ချမ်းတောင်ကျေးရွာအုပ်စု အင်းလတ်ကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းရွေ့ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)