မြိတ် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့က ကလွင်ကျေးရွာ အ.လ.က(ခွဲ) ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပခဲ့သည်။
သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေးနည်းစနစ်အား ပိုမိုသိရှိနားလည်ရန်၊ သစ်တောသစ်ပင်အကျိုးကျေးဇူးများ သိရှိစေနိုင်ရန်၊ ရာသီဥတုပြောင်းလဲလာမှုအား ပိုမိုသိမြင်စေနိုင်ရန်၊ ငယ်ရွယ်စဉ်ကလေးဘဝမှပင် သစ်တောများ၏ အရေးပါမှုသိရှိသဖြင့် နောင်အနာဂတ်တွင် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဦးကျော်မြတ်စိုး အဖွင့်အမှာစကား ပြောကြားပြီး သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားနေမှူး ဦးဇော်လင်းက ဒီရေတောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေး အကြောင်းအရာများနှင့် ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက မိုးရာသီသစ်ပင် စိုက်ပျိုးပြုစုထိန်သိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆရာ/မများနှင့် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းဝန်းအတွင်း သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး နည်းလမ်းများအား တောအုပ်ကြီး ဦးခင်စိုးက ကျောင်းသား/သူများအား လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ ဆရာ/မ၊ ကျောင်းသား/သူများနှင့်အတူ မန်ဂျန်ရှားပျိုးပင်(၅၇)ပင်၊ ပျဉ်းကတိုးပျိုးပင် (၅၀)ပင်၊ မဟော်ဂနီပျိုးပင်(၅၀)ပင် စုစုပေါင်း (၁၅၇)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)