မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်

မင်းဘူး ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းတွင် ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာမှုကြောင့် ဧရာတီမြစ်ကမ်းနဘေး မြေနိမ့်ပိုင်းဒေသများရှိ ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိရာ ယမန်နေ့အထိ စာရင်းကောက်ယူမှုများအရ သီးနှံစိုက်ခင်း ဧကပေါင်း ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ်ရေလွှမ်းမိုးမှုကြောင့် မြစ်ကမ်းနဘေးကျေးရွာအုပ်စု (၇)အုပ်စုမှ စိုက်ကွင်း (၁၆)ကွင်းရှိ တောင်သူပေါင်း ၄၉၅ ဦးတို့၏ သီးနှံစိုက်ခင်းများဖြစ်သော နွေစပါး ဧက ၁၀၀၊ နွေနှမ်း ၄၈၅ ဧက၊  မိုးစပါး စိုက်ပြီးခါစ ၁၃၆ ဧက၊ မိုးနှမ်းသီးနှံပွင့်ဖူးဆဲ ၈၀၁ ဧက၊ မိုးပဲတီစိမ်းသီးနှံပွင့်ဖူးဆဲ ၆၉၀ ဧကနှင့် အခြားဟင်းသီးဟင်းရွက် ရိတ်သိမ်းဆဲစိုက်ခင်း ၃၆ ဧက၊ စုစုပေါင်း သီးနှံစိုက်ခင်း ၂၂၄၈ ဧကအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

“ဧရာဝတီမြစ်ရေဟာ ယခုလ ၁၂ ရက်နေ့မှာ စတက်လာပြီးတော့ သီးနှံစိုက်ခင်းအတွင်းကို မြစ်ရေစဝင်တာပါ။ သီးနှံရေမြုပ်ဧရိယာတွေထဲက စိုက်ပြီးစ စပါးခင်းတွေကတော့ နှုန်းတင်ရေလွှမ်းအဆင့်ဖြစ်နိုင်ပြီး သီးပွင့်နေဆဲ မိုးနှမ်းနဲ့ မိုးပဲတီစိမ်းစိုက်ခင်းတွေကတော့ ထိခိုက်မှုရှိနိုင်ပါတယ်။ ရေပြန်လည်ကျဆင်းမှုမြန်ရင်တော့ ပြန်လည်ကုစားလို့ ရနိုင်ပါလိမ့်မယ်။ ရက်ရှည်ရေတက်နေဦးမယ်ဆိုရင်တော့ ဒီစိုက်ခင်းတွေက မြေဆွေးအဖြစ်နဲ့ စိုက်ခင်းမှာ ထယ်ထိုးမြေမြုပ်ပစ်ရမှာပါ။ သီးနှံအသစ် ပြန်လည်စိုက်ပျိုးဖို့အတွက် ဆွေးမြေ့မှုနှုန်းမြန်အောင်လုပ်ဖို့ဆိုရင် EM ဖျော်ရည်ဖျန်းပြီး ဆောင်ရွက်ခြင်းဖြင့် ဒုတိယသီးနှံကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ သီးနှံမျိုးစေ့အနေနဲ့ကတော့ မိုးနှောင်းကာလ ပြန်လည်စိုက်ပျိုးဖို့အတွက်က မိုးစပါးဆိုရင် သက်လတ်စပါးမျိုးတွေဖြစ်တဲ့ မနောသုခ၊ ဆင်းသုခ၊ ဆာဖိုးသာ၊ YSR-1 နဲ့ ရက်-၉၀ စပါးမျိုးတွေရှိပါ့မယ်။ အခြားသီးနှံအနေနဲ့ကတော့ နေကြာ၊ ဝါသီးနှံနဲ့ မြေပဲသီးနှံတွေကို ပြန်လည်အစားထိုး စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ မြို့နယ်အနေနဲ့ ကြိုတင်အစီအစဉ်နဲ့ကတော့ စပါးမျိုးစေ့ ၄၉၄ ဧကစာ၊ နေကြာမျိုး ၁၉၂ ဧကစာနဲ့ ချည်မျှင်ရှည်ဝါသီးနှံ ၂၁၂၈ ဧကစာတို့ကို အရန်သင့် ကြိုတင်စုဆောင်းထားရှိပြီးဖြစ်ပါတယ်။ အဲဒီအတွက် ဌာနဆိုင်ရာအဆင့်ဆင့်ရဲ့ လုပ်ငန်းလမ်းညွှန်မှုကိုခံယူပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောကြားခဲ့သည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းများတွင် ရေကြီးနစ်မြုပ်ဧရိယာများအား သက်ဆိုင်ရာဌာနအသီးသီးမှ စာရင်းကောက်ယူပြုစုလျက်ရှိပြီး ရင့်မှည့်ဆဲ သီးနှံများ ရေနစ်မြုပ်မှုမှကာကွယ်ရေး အမြန်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးသီးနှံများအား ရေဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို တောင်သူအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များမှ ကူညီပြောင်းရွှေ့ပေးခြင်းများဖြင့်  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)