မင်းဘူး ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရေဘေးရှောင်စခန်းများသို့ ယမန်နေ့ ညနေ ၅ နာရီအချိန်က အလှူရှင်များမှ သောက်ရေနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း ချမ်းသာကြီး ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထွန်းက ပြောကြားခဲ့သည်။
မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်တွင် ချမ်းသာကြီးကျောင်းဝင်း၊ အ.ထ.က (၁) အားကစားကွင်း၊ စက္ကိန်းတဲဘုရားပရိဝုဏ်အတွင်းနှင့် အမှတ် (၄) ရပ်ကွက်တွင် မှန်ကင်းကျောင်းဝင်း၊ ကြောင်လိန်ဘုရားပရိဝုဏ်အတွင်းနှင့် ရှင်မင်းဘူး ဘုန်းတော်ကြီးကျောင်းဝင်းများတွင် ရေဘေးရှောင်စခန်းများ ထားရှိကြောင်း သိရသည်။
ထို ရေဘေးရှောင်စခန်းများသို့ ကျောက်တန်းကျေးရွာ (AAA) သောက်ရေသန့်နှင့် လောဟိတဒါနလူမှုကယ်ဆယ်ရေးအဖွဲ့မှ ၂၀ လီတာ သောက်ရေသန့်ဘူး ၂၁၀ ဘူးကိုလည်းကောင်း၊ ချမ်းသာကြီးကျောင်းထိုင်ဆရာတော် ရှင်ပညာသီရိနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ ကြာဇံချက်များကိုလည်းကောင်း၊ မှန်ကင်းကျောင်းတွင် အလှူရှင်များက စမူဆာများကိုလည်းကောင်း ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)