ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရွှေတောင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ရေဝင်အိမ်ထောင်စုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလာရောက်၍ နေထိုင်စားသောက်မှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိရေဝင်ရောက်၍ ပြောင်းရွေ့နေထိုင်သည့်အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်(၁၀)အိတ်၊ ဆီပိဿာ (၂၀)၊ ဆား(၅) ပိဿာ၊ ပဲ(၅) ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် (၄၅၀) ထုပ်၊ ရေသန့်ဘူး (၄၅၀) ဘူးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၃၇၈၀၀ိ/)ကျပ်တို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဝင်ရောက်သည့်ရပ်ကွက်အတွင်း ရေမြင့်တက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရွှေတောင်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ရွှေတောင်မြို့နယ်အတွင်းရှိ (ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု ၊သောင်ပြင်ကုန်းအုပ်စု၊ ရွှေဟင်္သါအုပ်စု၊ ယင်းမူကုန်းအုပ်စု၊ ဇီးကျွန်းအုပ်စု၊ သရက်သုံးပင်အုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထပ်မံဝင်ရောက်သည့် အိမ်ခြေ (၁၆၇၄) ၊အိမ်ထောင်စု (၁၆၇၇)၊ လူဦးရေ (၆၁၄၆) ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းပေးခဲ့သည်။

အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား နီးစပ်ရာရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေ့ပြောင်းနေထိုင်နိုင်သည့် ယွန်းတန်းရပ်ကွက် အေးစေတီဘုရားဝန်းနှင့် ရွှေမျက်မှန်ဘုရားဝန်း၊ သရက်တောရပ်ကွက် ရွှေကူကြီးဘုရားဝန်း၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်ဓမ္မာရုံ၊ မင်းတဲကျွန်းအုပ်စု ဆုတောင်းပြည့်ဘုရားဝန်း)နှင့် နီးစပ်ရာဆွေမျိုးများထံသို့ ပြောင်းရွေ့နေထိုင်စေပြီး ရေဘေးသင့်အိမ်ထောင်စုများ၏ သောက်သုံးရေ၊ စားဝတ်နေရေးအဆင်ပြေရန်အတွက် ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်လျက်ရှိပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိရေဝင်ရောက်သည့် ဦးရေမှာအိမ်ခြေ (၂၀၆၄) ၊အိမ်ထောင်စု (၂၀၇၇)၊ လူဦးရေ (၇၅၆၅) ဦးရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)