အောင်လံမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့

အောင်လံ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ်ကျော်လွန်၍ မြင့်တက်လာသောကြောင့် မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ရေဘေးရှောင်စခန်းအသီးသီးသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။

ထိုသို့ ရေဘေးသင့်အိမ်ထောင်စုများအား ရပ်ကွက်အသီးသီးရှိ ရေဘေးရှောင်စခန်းများ၌ ထားရှိရာ ဇူလိုင် ၁၂ ရက်နေ့တွင် သရက်တောရပ်ကွက်မှ အိမ်ထောင်စု (၁၃)စု၊ လူဦးရေ (၄၆) ဦးအား သရက်တော ဘိုကုန်းဓမ္မာရုံ၌လည်းကောင်း၊ ဇူလိုင် ၁၃ ရက်နေ့တွင် သရက်တောရပ်ကွက်မှ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၀)ဦးအား သရက်တော၊ ဘိုကုန်းဓမ္မာရုံ၌လည်းကောင်း၊ သရက်တောရပ်ကွက်မှ အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၃၉)ဦးအား ရေဝန်းဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ စမ်းချောင်းရပ်ကွက်မှ အိမ်ထောင်စု (၆၀)စု၊ လူဦးရေ (၂၁၈)ဦးအား ကုသိနာဇာတ်ရုံ၌လည်းကောင်း၊ စက်ရုံရပ်ကွက်မှ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ (၇၁)ဦးအား ကုသိနာရုံဇောင်းတန်း၌လည်းကောင်း အသီးသီး လက်ခံထားရှိခဲ့ပြီး ယနေ့ ဇူလိုင် ၁၄ ရက်တွင် စက်ရုံရပ်ကွက်မှ ထပ်တိုးအိမ်ထောင်စု (၂၅)စု၊ လူဦးရေ(၁၀၀)ဦးအား ကုသိနာရုံဇောင်းတန်း၌ ထပ်မံလက်ခံထားရှိပြီး အောင်လံမြို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း (၄)ခုတွင် စုစုပေါင်းအိမ်ထောင်စု (၁၃၂)၊ လူဦးရေ (၅၀၄)ဦး လက်ခံထားရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)