ဇလွန်မြို့နယ်တွင် ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

ဇလွန် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဆန်တန်းရပ်ကွက် ကျီးပင်ဆိပ်တွင် ပြုလုပ်ခဲ့သည်။

ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ​မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်‌ကျေးအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြပြီး ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းနီးနေထိုင်သော ပြည်သူများအား မြစ်ရေကြီးခြင်းသတင်းကို အမြဲနားထောင်ရန်၊ ရေလွှမ်းရာကမ်းပါးရှိနေရာများကို လမ်းလျှောက်သွားလာခြင်းမပြုရန်၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းထိခိုက်ပျက်စီးမှုအခြေအနေအား စာရင်းပြုစုပြီး ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စသည့် အချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခဲ့ကြပြီး အရေးပေါ်ရှာဖွေရေးအထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုနည်းများ၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြပြီး အဆိုပါ ရေဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန သယံဇာတဝန်ကြီး ဦးအုန်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့် အဖွဲ့ဝင်များ ကြည့်ရူ့ခဲ့ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)