ထားဝယ် ဇူလိုင် ၁၄
ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေး၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ဥပဒေရုံးများ၏ အခြေအနေများကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဥပဒေအရာရှိများသည် ဥပဒေပညာသာမက အကျင့်သီလနှင့် ပြည့်စုံရန်လည်းလိုအပ်ကြောင်း၊ ဥပဒေပညာဖြင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးကို ဆောင်ရွက်ပေးနိုင်ရန်လည်း ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း၊ ဥပဒေအကြံဉာဏ်ပေးရာတွင် မှန်ကန်ပြည့်စုံစွာ အကြံဉာဏ်ပေးနိုင်ရမည်ဖြစ်ပြီး အဂတိတရားကင်းရှင်းကြရန်လည်း လိုအပ်ကြောင်း၊ အမှုကိစ္စများအတွက် အကြံပေးခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ခြင်းပြုရာတွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးတို့က လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)