ပြည် ဇူလိုင် ၁၄
ပြည်မြို့၊ ခေတ္တရာရပ်ကွက်ရှိ ခေတ္တရာမိခင်နှင့်ကလေးစောင့်ရှောက်အသင်း မူကြိုကျောင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ခေတ္တရာမိခင်နှင့်ကလေးစောင့်ရှောက်အသင်း မူကြိုကျောင်းအား ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်မှ ခေတ္တရာရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်းအတွက် ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများအားလည်းကောင်း၊ ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာက သင်ထောက်ကူပစ္စည်းများအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ခေတ္တရာမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမူကြိုကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသော အလှူရှင်များအား ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြပြီး ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ မူကြိုကျောင်းအတွင်း လှည့်လည်ကြည့်ရှု့ပြီး မူကြိုသားငယ်၊ သမီးငယ်များအား သွားတိုက်ဆေး၊ သွားပွတ်တံ၊ အားကစားပစ္စည်းများ၊ ပဲနို့နှင့် အာဟာရမုန့်မျိုးစုံတို့အား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများသည် ဘုရင့်နောင်လမ်းမဘေးရှိ ပြည်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး မူလတန်းကြိုကျောင်းအခြေအနေအား ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး မူကြို သားငယ်၊ သမီးငယ်လေးများအတွက် သွားတိုက်ဆေး၊ သွားပွတ်တံ၊ အားကစားပစ္စည်းများ၊ ပဲနို့နှင့် အာဟာရမုန့်မျိုးစုံတို့အား ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ ရွှေကူရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်းသို့သွားရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ကြက်ဥ၊ ဆီ၊ အိုင်အိုဒင်းဆားနှင့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သားဖွားခန်း၊ မွေးလူနာနားနေခန်း၊ ပြင်ပလူနာစမ်းသပ်ခန်းနှင့် စတိုခန်းတို့အား လှည့်လည်ကြည့်ရှုပြီး သားဖွားခန်းအတွက် လိုအပ်သည့်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)