ဘားအံ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၄) နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် အလှူရှင်ဥူးဓမ္မကိတ္ထိနှင့် ဒေါ်ဓမ္မကေသရီ(တောင်ကလေးကျောင်း)မိသားစုတို့က ဆောက်လုပ်လှူဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အသစ်ဆောက်လုပ်လှူဒါန်းသည့် ဆွမ်းစားဆောင်၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တ ကဝိဓဇ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများ၊ ဆရာတော်ကြီးများ၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းတိုက်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခန္တီဝဏ္ဏထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ ဘဒ္ဒန္တဝိဇ္ဇာနန္ဒက သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် အလှူခံရရှိခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားပြီး အလှူရှင်များက ဗိသုကာအင်ဂျင်နီယာအား ဂုဏ်ပြုလက်ဆောင် ပြန်လည်ပေးအပ်ချီးမြှင့်ကာ ဧည့်ပရိတ်သတ်အပေါင်းတို့က ဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တ ကဝိဓဇထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ကြောင်း ကြေငြာပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော တပည့်ဒါယကာ၊ ဒါယိကာမများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ သာသာနာကိုချစ်မြတ်နိုးသောစိတ်ဖြင့် ဆရာတော်၏ သာဝက၊ တပည့်၊ ဒါယကာ၊ ဒါယိကာမများဖြစ်သော ဥူးဓမ္မကိတ္ထိနှင့် ဒေါ်ဓမ္မကေသရီ(တောင်ကလေးကျောင်း)မိသားစုတို့နှင့်လက်တွဲကာ ငွေကျပ် သိန်း(၇၀၀၀)ကျော် တန်ဖိုးရှိ ဆွမ်းစားဆောင်တစ်ဆောင်၊ သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ ဆွမ်းချက်ဆောင်တစ်ဆောင်၊ သိန်း(၁၅၀၀)ကျော် တန်ဖိုးရှိ သိမ်တော်ကြီးတစ်ဆောင်၊ သိန်း(၅၄၀)ကျော်တန်ဖိုးရှိ မော်တော်ယာဉ်တစ်စီး၊ ကျောင်းအဝင်မုခ်ဝကြီးနှင့် အုတ်တံတိုင်းများကို အသစ်တဖန် ပြန်လည်တည်ဆောက်လှူဒါန်း၍ သက်တော်(၆၄)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)