ကျိုက်လတ်မြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသခဲ့သည်။

ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ လူမှုရေးသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ မော်တော်ယာဉ်များ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများနှင့် ကုသရေးအဖွဲ့များ၊ သောက်ရေနှင့် ရိက္ခာများအား အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်