ကံမ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေး၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေထိုင်မည့်နေရာ စီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယနေ့နံနက်ပိုင်းအချိန်အထိ ကံမမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း ဓမ္မသော်ကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာ၊ ကုန်းသောင်ကျေးရွာအုပ်စု ရေလယ်တောင်ကျေးရွာ၊ မြဝတီကျေးရွာအုပ်စု မြဝတီကျေးရွာ၊ ဂျွန်းတောင်ကျေးရွာအုပ်စု ဂျွန်းတောင်ကျေးရွာ၊ စစ္စရံကျေးရွာအုပ်စု စစ္စရံကျေးရွာနှင့် ကျွန်းကလေးကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာတို့မှ ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)