ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက ရေဘေးရှောင်နေရာများသို့ သွားရောက်ပြီး ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ မြစ်ရေဝင်ရောက်လျက်ရှိရာ ဒေသခံပြည်သူများက မိမိတို့ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသော ကျွဲ၊ နွား တိရစ္ဆာန်များကို ရေလွတ်ရာ ကုန်မြင့်များရှိသည့်နေရာသို့ ယာယီရွှေ့ပြောင်းထားရှိကြောင်း သိရကာ အဆိုပါ ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရှိသော ကျွဲ၊ နွား တိရစ္ဆာန်များ ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦး ဦးဆောင်သော ဝန်ထမ်းများက ယနေ့တွင် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ကံလှကျေးရွာမှ ရေဘေးရှောင် နွား ၂၅၀ ကောင်အား ပေါင်ပုပ်လပ်ပုပ်ရောဂါကာကွယ်ဆေးကိုလည်းကောင်း၊ ကျွဲ ၅၀ ကောင်အား လည်ချောင်းကွဲရောဂါကာကွယ်ဆေးကိုလည်းကောင်း အခမဲ့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာသို့ မြို့နယ်သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက ပြောကြားခဲ့သည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)