ပခုက္ကူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၈၂ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၏ ၂၀၀၄ ခုနှစ်တွင် အမြင့်ဆုံးစံချိန်တင်ရောက်ရှိခဲ့သည့် ၂၂၈၄ စင်တီမီတာသို့ရောက်ရှိရန် ၂ စင်တီမီတာသာလိုတော့ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပခုက္ကူခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေမှတ်တိုင်းထွာချက်အရ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီခွဲအချိန်တွင် ၂၂၆၆ စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၁၁၆ စင်တီမီတာအထိလည်းကောင်း၊ ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ၂၂၈၀ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၁၃၀ စင်တီမီတာအထိလည်းကောင်း တဖြည်းဖြည်းကျော်လွန်မြင့်လျက်ရှိကြောင်း၊ ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၂၂၈၂ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာထက် ၁၃၂ စင်တီမီတာအထိကျော်လွန်မြင့်တက်ခဲ့သဖြင့် ၂၀၀၄ ခုနှစ်၌ စိုးရိမ်ရေမှတ်ထက် အမြင့်ဆုံးစံချိန်သစ်တင်ရောက်ရှိခဲ့သည့် ၂၂၈၄ စင်တီမီတာသို့ရောက်ရှိရန် ၂ စင်တီမီတာသာလိုတော့ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ဧရာဝတီမြစ်ရေ ကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဦးနေဝင်းထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)