ရေနံချောင်းမြို့နယ်၌ ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ရေနံချောင်း ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုများကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်များအလိုက် ‌အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို သိရှိစေရန်အတွက် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပင်းဝကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ ပင်းစက္ကလံပဘုရားဝန်းတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ထို့သို့ဇာတ်တိုက်လေ့ကျင့်ရာတွင် အမှန်တကယ်ဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များကို သိရှိနိုင်ရန် ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျရွှေ့ပြောင်းကူညီဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ရှေးဦးသူနာပြုစုခြင်းတို့ဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ‌‌ကယ်ဆယ်‌ရေးစခန်းသို့ ‌ပြောင်းရွှေ့လာသူများအား အားပေးစကားပြောကြားကာ မုန့်နှင့် အချိုရည်များ‌ ဝေငှခြင်း၊ သဘာဝဘေး အသိပညာပေးလက်ကမ်းစာ‌စောင်များ‌ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌‌အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် ဝန်ထမ်းများ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မာန်မြေကျေးရွာအုပ်စုနှင့် ပင်းဝကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများ စုစုပေါင်း လူဦး‌ရေ(၃၀၀)ဦးခန့်ဖြင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)