တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသော မြိတ်မြို့နယ်ပညာရေး ငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ၊ ဆရာမများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

မြိတ် ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော မြိတ်မြို့နယ် ပညာရေးငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ/ဆရာမများ၏ သား၊ သမီး (၂၅)ဦးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းတွင်  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ဂုဏ်ပြုဆုချီးမြှင့်ရာတွင် မြိတ်မြို့နယ်ပညာရေးငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသော အသင်းဝင် ဆရာ/ဆရာမများ၏ သား၊ သမီး (၂၅)ဦးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုချီးမြှင့်ရာ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရိုးရိုးအောင်တစ်ဦးကို ကျပ်(တစ်သိန်း)စီ ဂုဏ်ပြုချီးမြှင့်ပြီး ဂုဏ်ထူးတစ်ဘာသာရရှိသူကို (၅၀၀၀၀)ကျပ်စီပေါင်း၍ ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်သည်။ ဂုဏ်ပြုခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသူများတွင် ငါးဘာသာဂုဏ်ထူးတစ်ဦး၊ နှစ်ဘာသာဂုဏ်ထူး တစ်ဦး၊ တစ်ဘာသာဂုဏ်ထူး (၇)ဦးနှင့် ရိုးရိုးအောင် (၁၆)ဦးဖြစ်ကြကာ စုစုပေါင်းငွေကျပ် (၃၂)သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)