မြိတ် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ (၉၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့်၌ “လေးမြတ်ဂုဏ်ရည် အာဇာနည်”၊ အလယ်တန်းအဆင့်၌ “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ”၊ မူလတန်းအဆင့်၌ “တို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့်၌ “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်”၊ အလယ်တန်းအဆင့်၌ “အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို အထက်တန်းအဆင့် “အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီး ကျင်းပခဲ့ကြသည်။
အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ၌ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ (၅၅)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ (၂၆)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/သူ (၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုအား မြိတ်ခရိုင် ပညာရေးမှူး ဒေါ်လှလှအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့အတူ အာဇာနည်နေ့အကြို ဟောပြောပွဲများကို ကျောင်းအသီးသီးတွင်လည်း ကျင်းပခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)