ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေး အင်္ဂပူမြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

အင်္ဂပူ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေးသည် ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးဦးတင်‌အေးသည် အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနသို့ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ‌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းတို့က ကြိုဆိုခဲ့သည်။ ထို့နောက် မီးသတ်စခန်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် စီးပွားရေးဝန်ကြီးသည် ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာသို့ သွားရောက်ပြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော မြစ်ကမ်းထိန်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ယင်းနောက် ဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမြိုင်း-ဂျမ်းပြင်ရေကာတာ အမြိုင်းရေကင်းစခန်းသို့ ရောက်ရှိစစ်‌ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလင်းကျော်က တာတမံကြံ့ခိုင်မှုအခြေအနေနှင့် ရေဘေးကာကွယ်ရေးပစ္စည်းစုဆောင်းထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးမှလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် စစ်ကျွန်းကျေးရွာသို့သွားရောက်ပြီး (Cyclone Shutter) ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)