ငါးသိုင်းချောင်း ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက စာပေချစ်သူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)၊ အမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်မာလာအောင်က လူငယ်များစာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့်အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်(Book Club)အဖွဲ့ဝင်ဦးမောင်မောင်တိုးက စာဖတ်ခြင်းဖြင့်ကြီးမြင့်ကြပါကုန်ခေါင်းစဉ် ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင်ဦးမြင့်ဆွေက စာပေတာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် မောင်ဥာဏ်ဦးလွင်က စာဖတ်လို့ပျော်ကြတယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့်အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)