ပွင့်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ရေသန့်နှင့် ရေသန့်ဘူးကတ်များ သွားရောက်ထောက်ပံ့

ပွင့်ဖြူ     ဇူလိုင်     ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ကံလှကျေးရွာတို့မှ ကျွဲနွားတိရစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံပြည်သူများအတွက် သောက်သုံးရေ အဆင်ပြေစေရန် ယနေ့နံနက် ၉ နာရီက မြို့နယ်သဘာဝ ဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့က ရေသန့်နှင့် ရေသန့်ဘူးကတ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သောက်သုံးရေများ ထောက်ပံ့ပေးရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ရေဘေးသင့်ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ကံလှကျေးရွာတို့မှ ကျွဲနွားတိရစ္ဆာန်များ ရွှေ့ပြောင်းနေထိုင်လျက်ရှိသော ပြည်သူများကို တွေ့ဆုံ၍ ရေဘေးအန္တရာယ် ကျရောက်စဉ် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး သောက်သုံးရေ ဖူလုံစေရန် သောက်ရေသန့် ရေဂါလန် ၁၈၅၀ နှင့် တစ်လီတာ ရေသန့်ကတ် ၁၀၀ တို့ကို စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ ရေဘေးသင့်ကျေးရွာများမှ ကျွဲနွားတိရစ္ဆာန် မွေးမြူထားသော ဒေသခံပြည်သူများသည် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနှင့် သံကိုင်းကျေးရွာသို့ ဆက်သွယ်သွားလာသည့် တာဘောင်ပေါ်တွင် နွားအကောင်ရေ ၂၅၀၊ ကျွဲအကောင်ရေ ၅၀ နှင့်အတူ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)