စလင်းမြို့နယ်တွင် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးဖြင့် အိမ်ထောင်စု(၄၈၀)ကျော်အား တစ်ဦးနှစ်​ပြည်နှုန်းရောင်းချပေး

စလင်း  ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌  မြို့နယ်အတွင်းရှိ  စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့်  ဆန်များရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍  ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းကာ  ပေါင်းနားရပ်ကွက်  စိတ်တိုင်းကျဆန်စက်ရှေ့တွင်  တစ်ဦးလျှင်ဧရာပဒေသာဆန် နှစ်ပြည်နှုန်းဖြင့်  ယနေ့နံနက်(၈)နာရီအချိန်က  စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချမှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ဆန်စက်လုပ်ငန်းရှင်များဖြစ်သည့် ဦးလင်းကျော်အောင်စိတ်တိုင်းကျဆန်စက်၊ ဦးတင့်လွင်ဦးရွှေရည်လွင်ဆန်စက်၊ ဦးဝင်းစိုးဂျော်ကာဆန်စက်၊ ဦးတင့်လွင်ဖူးပြည့်ဆန်စက်၊ ဦးမိုးမိုးဆန်စက်၊ ဦးမျိုးမင်းသိန်းဌေးရတနာဆန်စက်တို့ကဦးဆောင်ကြီးကြပ်၍ စားသုံးသူပြည်သူများအား  တစ်ဦးလျှင် ဧရာပဒေသာဆန်(၂)ပြည်နှုန်းဖြင့်  ရောင်းချပေးခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရှိ ပြည်သူများစားနပ်ရိက္ခာဖြစ်သည့် ဧရာပဒေသာဆန်များကို မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ (၁)ပြည်လျှင်  ကာလပေါက်စျေးထက်လျှော့ချ၍ (၅၀၀၀)ကျပ်နှုန်းဖြင့် (၂၄)ပြည်ပါ  ဆန်အိတ်(၄၀)ကျော် အိမ်ထောင်စု(၄၈၀)ကျော်အား ရောင်းချပေးနိုင်ခဲ့ပြီး စလင်းမြို့ပေါ်(၈)ရပ်ကွက်အား  အလှည့်ကျစျေးနှုန်းချိုသာစွာဖြင့်  ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို  ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

(မောင်လွင်)စလင်း