နတ်မောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ နှစ်စဉ် ကျင်းပလျက်ရှိသည့် နေ့ထူးနေ့မြတ်များအား အစဉ်အောက်မေ့သတိရစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ စာပေကို ပိုမိုလေ့လာကျက်မှတ်စေရန်၊ မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်းဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ သူများက “၁၉ ဇူလိုင် မမေ့နိုင်”ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ အဆိုပါ ပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/သူ စုစုပေါင်း (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဇူလိုင်လ (၁၈)ရက်နေ့တွင် နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း