ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၆၈၇၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါး ၃၁၂၈၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၂၃၆၆၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး အဆိုပါ စပါးစိုက်ခင်းများကို ယခုနှစ် ဇူလိုင်လမှ စတင် ရိတ်သိမ်းခဲ့ရာ ယနေ့ထိ စပါးစိုက်ဧက ၆၈၇၆ ဧက ရိတ်သိမ်းပြီးစီးနေပြီး တစ်ဧကလျှင် ပျမ်းမျှ စပါးတင်းရေ ၉၇ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး ၂၃၆၆၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခု ဇူလိုင်လဆန်းကစပြီး နွေစပါးစိုက်ခင်းများကို စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့ထိ ၆၈၇၆ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးတောင်သူတွေကို သီးနှံအထွက်နှုန်း လျော့နည်းမှုမရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ၊ ရိတ်သိမ်းပြီး စပါးများကို အမိုးအကာအောက် အချိန်မီ ရောက်ရှိစေဖို့နဲ့ မျိုးကောင်းမျိုးသန့် ထားသိုထိန်းသိမ်းနည်းစနစ်များကို အသိပညာပေး ဆောင်ရွက်ထားပါတယ်။ ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းခြင်းကို အချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက်ကိုလည်း စက်မှုလယ်ယာဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ နွေစပါးစိုက်ပျိုးရာတွင် မဲဇလီရေလွှဲဆည်ရေ၊ လျှပ်စစ်ဓာတ်အား တွဲဖက်အသုံးပြု ဆိုလာရေတင်စနစ်၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးကြပြီး ဒေသခံတောင်သူများကို ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများကို လုံလောက်စွာ ရယူသုံးစွဲနိုင်ရန် သက်ဆိုင်ရာဌာနများက ရေလက်တံမြောင်းများမှတစ်ဆင့် လယ်ယာစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )