ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော နှမ်း ၃၉၈၇၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ  ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော နှမ်း ၃၉၈၇၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက နှမ်း ၄၇၄၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများကို ဇွန်လ ဒုတိယပတ်က စတင်ရိတ်သိမ်းခြွေ့လှေ့ခဲ့ရာ ယနေ့အထိ ၃၉၈၇၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကာ နှမ်းတစ်ဧကလျှင် ၁၁ ဒသမ ၉၀ တင်း ထွက်ရှိကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်အနေနဲ့ နွေသီးနှံစိုက်ပျိုးရာသီမှာ နှမ်း ၄၇၄၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒေသခံတောင်သူတွေက မိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်အောင် ဇွန်လ ဒုတိယပတ်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာမှာ ယနေ့ထိ နှမ်းစိုက်ခင်း ၃၉၈၇၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ဒီနှစ်က နှမ်းစိုက်ခင်းတွေ ပိုးမွှားရောဂါကျရောက်မှု မရှိတာကြောင့် ထွက်ရှိလာတဲ့ နှမ်းဟာ အရည်အသွေးကောင်းပြီး အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထက် ဈေးကောင်းလည်းရတော့ စိုက်ပျိုးတောင်သူတွေ အဆင်ပြေကြတယ်။ ဒီနှစ် နှမ်းဈေးကတော့ နှမ်းဖြူတစ်တင်းကို ငွေကျပ် ၁၄၂၀၀၀ ဈေး ရှိပါတယ်။ ယခု ရိတ်သိမ်းခြွေလှေ့တဲ့ နှမ်းသီးနှံအပါအဝင် အခြားသော နွေသီးနှံတွေကို အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုးရေးနည်းပညာတွေနဲ့ စိုက်ပျိုးရေလုံလောက်စွာရရှိဖို့ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့မသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီစားသုံးမှု ဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၄၇၄၅၂ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေလုံလောက်စွာရရှိပြီး ပိုးမွှားရောဂါကျရောက်မှုမရှိသည့်အတွက် ယခင်နှစ်ကထက် သီးနှံအထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )