မုံရွာမြို့ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

မုံရွာ ဇူလိုင် ၁၄

မုံရွာမြို့ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ရပ်ကွက်ရှိ အောင်မြေလောကဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းအောင်က တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအတွက် နိုင်ငံသားဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်စပ်လျဥ်းပြီး အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး မုံရွာခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ မုံရွာမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းဌေးနှင့် အေးသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းတို့နှင့်အတူ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အမြန်ရရှိအောင် မုံရွာမြို့နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးနေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးဆန်းအောင်နှင့် တာဝန်ရှိသူများက ၉-၇-၂၀၂၄ ရက်နေ့တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အုန္နဲပင်လမ်းနှင့် ကမ်းနားလမ်း၊ လမ်းသွယ်ကြား၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော အိမ်ခြေ (၁၇)လုံးရှိ မီးဘေးသင့်ပြည်သူများအနက်မှ အိမ်ထောင်စု (၁၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၁၈)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း (၄၈)ဦးတို့အား အမြန်ဆုံးပြန်လည်ရရှိအောင် လယ်ဝယ်အရောက်ထုတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမျာ အမြန်ဆုံး ပြန်လည်ဆောင်ရွက်ပေးသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း အဆိုပါပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ရင်တွင်းစကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)