စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အစိုးရနည်းပညာအထက်တန်း ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ ဇူလိုင် ၁၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ၊ တန်ဖိုးသင့်စားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများနှင့် နံနက်စာများကို တပျော်တပါး စုပေါင်းစားသုံးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ကျော်ဖြင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                            

တိုင်းဒေသကြီး(ပြန်/ဆက်)