အောင်လံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်များထောက်ပံ့

အောင်လံ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းတာချက်အရ မြစ်ရေအမှတ် ၂၅၀၅ စင်တီမီတာရှိပြီး စိုးရိမ်ရေအမှတ် ၂၅၀၈ စင်တီမီတာ ဖြစ်သည့်အတွက် မြေနိမ့်ပိုင်းတွင် မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့်စိတ်အေးချမ်းစွာ နေထိုင်နိုင် ရေးအတွက် ဇူလိုင် ၁၃ ရက်နေ့က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့  ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်မင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ခဲ့ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။

ထိုသို့ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး သရက်တောရပ်ကွက်၊ ဘိုကုန်းဓမ္မာရုံတွင် ဇူလိုင် ၁၂ က အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၄၆)ဦးအား လက်ခံထားရှိခဲ့ပြီး ဇူလိုင် ၁၃ တွင် ထပ်တိုးအိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၀) ဦးတို့အား အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများနှင့် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)