ငါးသိုင်းချောင်း ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေး(ရေဘေး)အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်က ငါးသိုင်းချောင်းမြို့အတွင်းရှိ ရေကြီးနိုင်သည့် နေရာများကို မဖြစ်ခင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ တာဘောင်များခိုင်ခံ့မှုရှိစေရေးအတွက် အမြဲစစ်ဆေးဆောင်ရွက်ထားကြရန်၊ ရေကင်းများချထားပြီး (၂)နာရီလျှင်တစ်ကြိမ် အထက်အဆင့်ဆင့်သို့ သတင်းပေးပို့ဆောင်ရွက်ကြရန် ဌာနဆိုင်ရာများမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကြရန် မှာကြားဆွေးနွေးပြီး တာဝန်ရှိသူများ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်နှင့်တာဝန်ရှိသူများ၊ ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့ရေဘေးကြိုတင်ကာကွယ်ရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)