ကျုံပျော် ဇူလိုင် ၁၃
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က(၁) ကျုံပျော် ကျောင်းသား၊ ကျောင်းသူများက မြတ်ပညာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ယခုထူးချွန်ဆုရရှိသူများအနေဖြင့် ဘဝလမ်းကြောင်းကိုလည်း အောင်မြင်စွာလျှောက်လှမ်းနိုင်ပြီး၊ နိုင်ငံတော်က အာထားရသည့် အနာဂတ်၏ ကြယ်ပွင့်ကောင်းများဖြစ်ရန် ဆုတောင်းပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲဖြင့် “အဌမ” ဆုရသည့် အင်းရဲ အ.ထ.ကမှ မစမ်းမေသူနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ရရှိခဲ့သူများ၊ တိုင်းဒေသကြီးအဆင့် ဆုရရှိသူများ အပါအဝင် (၆) ဘာသာမှ (၁)ဘာသာအထိ ဂုဏ်ထူးအသီးသီးရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး၊ ကျောင်းသား ကျောင်းသူလေးများ၏ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)