ပျက်စီးဆုံးရှုံးခဲ့ရသော လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်

လွိုင်ကော် ဇူလိုင် ၁၃

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တို့တွင် KNPP၊ KNDFအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်မဟုတ်သော ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ/ဆရာမများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုလုပ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ကျောင်းအဆောက်အအုံများမှနေ၍ တပ်မတော်အား ပြန်လည်တိုက်ခိုက်ခဲ့ခြင်း၊ ၎င်းတို့ပြန်လည်ဆုတ်ခွာရာတွင်လည်း လွိုင်ကော်တက္ကသိုလ်ရှိ နိုင်ငံပိုင် အဆောက်အုံများ၊ ရုံးအသုံးအဆောင်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ သင်ထောက်ကူပြုပစ္စည်းများဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းသွားခြင်းတို့အား အသိဉာဏ်ကင်းမဲ့စွာဖြင့် လူသားမဆန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် လွိုင်ကော်တက္ကသိုလ်အား ယာယီပိတ်ထားခဲ့ရကာ နိုင်ငံတော်နှင့် ပြည်နယ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများနှင့် လွိုင်ကော်တက္ကသိုလ်ရှိ အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်ပစ္စည်းများ၊ သင်ထောက်ကူပြုပစ္စည်းများ များစွာထိခိုက်နစ်နာဆုံးရှုံးပျက်စီးခဲ့ရပါသည်။

ယခုအခါ တပ်မတော်၊ပြည်နယ်အစိုးရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြည်သူများ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် လွိုင်ကော်မြို့သည် တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်ပြီး လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်ချက်များအား တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသည်များသည် အကြမ်းဖက်သောင်းကျန်းသူများမှ ခြေကုတ်ရယူ၍ တိုက်ခိုက်ခဲ့သော ကယားပြည်နယ်အစိုးရအဖွဲ့ ၅ထပ် ဧည့်ရိပ်သာသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် နိုင်ငံပိုင်ပရိဘောဂပစ္စည်းများနှင့် ဧည့်ရိပ်သာအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အားပေးစကားပြောကြားကာ ပျက်ဆီးဆုံးရှုံးခဲ့ရမှုများ စနစ်တကျမှတ်တမ်းတင်ခြင်း၊ ဆယ်တင်ပစ္စည်းများပြန်လည်စိစစ်ခြင်းနှင့် ဧည့်ရိပ်သာအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအာ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။                                   

ထို့နောက် ကယားပြည်နယ် အမျိုးသားယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ခဲ့ပြီး ‌ ပြတိုက်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများမှ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဖျက်စီးခြင်းနှင့် ရှေးဟောင်းအမွေအနှစ်များယူဆောင်ခြင်းခံခဲ့ရသော ကယားမျိုးနွယ်စုပြခန်း၊ ရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာတူရိယာပြခန်း၊ ကယားပြည်နယ် သမိုင်းဝင်မှတ်တမ်းနှင့် စော်ဘွားပြခန်းတို့အား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြတိုက်တာဝန်ခံများမှ ပြတိုက်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ ပျောက်ဆုံးပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများ၊ ပြတိုက်အား ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက်တန်ဖိုးကြီးမားသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းဝင်ပစ္စည်းများ၊ မှတ်တမ်းများ၊ စာအုပ်စာစောင်များ ပျက်စီးပျောက်ဆုံးခဲ့ရသည့်အတွက် ပြည်နယ်အတွက် ကြီးမားသောဆုံးရှံးနစ်နာမှုတစ်ခုဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုပြတိုက်သည် ကယားတိုင်းရင်းသားတို့၏ အမွန်အမြတ်တန်ဖိုးထားရာ ယဉ်ကျေးမှုအမွေအနှစ်နေရာဖြစ်သောကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်လေဆိပ်သို့ သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လေဆိပ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက ပြည်သူများ စိတ်အေးချမ်းစွာ ခရီးသွားလာနိုင်ရေးအတွက် လေဆိပ်ပရဝုဏ်အတွင်း ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် လေယာဉ်ကွင်းပြေးလမ်းတလျှောက် ဘေးဘယ်ညာခြံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှု၊ လေယာဉ်ကွင်းပြေးလမ်းကြံ့ခိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် လေဆိပ်ပြန်လည်ဖွင့်လှစ်မည့်အစီအမံတို့အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် တပ်မတော်သားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့၏စေတနာမှန်ကို နားလည်သဘောပေါက်လာသည့် ပြည်သူများနှင့်နိုင်ငံဝန်ထမ်းများမှာ နေ့စဉ်လွိုင်ကော်မြို့သို့ နေရပ်ပြန်လည်ဝင်ရောက်လျက်ရှိရာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ တည်ငြိမ်အေးချမ်းမှုရရှိလာပြီဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်အပါအဝင် လွိုင်ကော်မြို့ပေါ်တွင် အမြန်ဆုံးပြန်လည်ဖွံ့ဖြိုးတိုးတက်နိုင်ရေး တပ်မတော်နှင့်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မကြာမီကာလအတွင်း လွိုင်ကော်မြို့သည် ယခင်ကာလများအတိုင်း အေးချမ်းသာယာ၍ ပြန်လည်စည်ပင်ဖွံ့ဖြိုးသာယာလာတော့မည်ဖြစ်ပါကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)