အထက်မင်းလှ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာ၌ မြစ်ကမ်းနားအနီးတွင် နေထိုင်ကြသည့် နေအိမ်အတွင်းသို့ ဧရာဝတီမြစ်ရေမြင့်တက်လာ၍ ရေများဝင်ရောက်လာသဖြင့် အိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု( ၅၂)စုလူဦးရေ(၁၉၃)ဦးတို့အား ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် မလွန်ကျေးရွာရှိ စာကြောစာသင်တိုက်သို့ ရွှေပြောင်းပေးခဲ့သည်။
ထိုသို့အိမ်ထောင်စုများရွှေ့ပြောင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မလွန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့က မြစ်ရေဝင်ရောက်နေသည့်အိမ်ထောင်စုဝင်များ၏ ပစ္စည်းများအား ရေလွတ်ရာသို့ ကူညီသယ်ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါမြစ်ရေဝင်ရောက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု(၅၂)စုအား တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ စားသုံးဆီ၊ ဆီ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်ထုတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)