ဘားအံ ဇူလိုင် ၁၃
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း တစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ယနေ့နံနက် ၇ နာရီက ဘားအံမြို့နယ် တောင်ကလေးတိုးချမြို့ပြအိမ်ရာစီမံကိန်းဧရိယာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သစ်တောသစ်ပင်များသည် လူသားများအပါအဝင်ဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ရှင်သန်ရေးအတွက် အလွန်အရေးပါသောအရာများဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်သစ်တောဦးစီးဌာနများအားလုံးတွင် အမြင့်(၂)ပေအထက်ရှိသော ပျိုးပင်များ အခမဲ့ဖြန့်ဝေလျက်ရှိရာ သစ်ပင်စိုက်လိုသူများအားလုံး အခမဲ့သွားရောက်ထုတ်ယူစိုက်ပျိုးနိုင်ကာ ထုတ်ယူစိုက်ပျိုးသည့် ပျိုးပင်များကိုလည်း တစ်ပင် စိုက်တစ်ပင်ရှင်ဖြစ်အောင် ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)မှ တာဝန်ရှိသူတစ်ဦးထံ ပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးအသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် အမြင့်(၂)ပေနှင့်အထက်ရှိသော သစ်မျိုး (၈)မျိုး၊ ပျိုးပင်ပေါင်း ၁၃၆၁ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ပျော်ပါးပါးစုပေါင်း စိုက်ပျိုးခဲ့ကြသည်။
ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲများ၊ မိုးရာသီသစ်ပင် စိုက်ပွဲများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ ဌာနဆိုင်ရာ/တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုဖြန့်ဝေစိုက်ပျိုးခြင်းများ၊ လမ်းဘေးဝဲယာစိုက်ပျိုးခြင်းများဖြင့် မိုးရာသီကာလအတွင်း လူထုလှုပ်ရှားမှုအသွင်နည်းလမ်းမျိုးစုံဖြင့် သင့်တော်သောနေရာများတွင် သစ်မျိုးစုံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲတွင် သတ်မှတ်နေရာများအလိုက် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ) ပင်မသုံးထပ်ဆောင် အဝင်လမ်းအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)