မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပြီး ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးထားရ

မင်းဘူး ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသည် မြေပြင်တိုင်းထွာချက်များအရ ယနေ့နံနက် ၉ နာရီခွဲ အချိန်မှ စတင်ပြီး စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မြို့နယ်အတွင်း၌ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများကို အသစ်ထပ်မံတိုးချဲ့ပြီး ဖွင့်လှစ်ဆောင်ရွက်ပေးထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှု အခြေအနေများနှင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဆောင်ရွက်ပေးထားမှုများနှင့် ရေဘေးသင့်အိမ်ထောင်စုဝင်များအား ကူညီပြောင်းရွှေ့ ဆောင်ရွက်ပေးနေမှု အခြေအနေများကို မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

မြို့နယ်အတွင်း၌ နေရာဒေသအလိုက် ယာယီကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ နီးစပ်ရာ ဆွေမျိုးများနှင့် မိတ်ဆွေအိမ်များတွင် ပြောင်းရွှေ့နေထိုင်စေခြင်းများအပြင် မင်းဘူးမြို့ရှိ ရပ်ကွက်များအလိုက် ရှင်ပင်ကြောင်လိမ်ဘုရား၊ ရှင်မင်းပူးဘုရား၊ မှန်ကင်းကျောင်းတိုက်၊ ချမ်းသာကြီးဘုရား၊ မြသိန်းတန်ဘုရား၊ မင်းဘူး အ.ထ.က(၁) ဘောလုံးကွင်းတို့တွင် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများကို အသစ်ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး လူနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များကို ရေဘေး လွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့ပေးထားကာ လိုအပ်သောထောက်ပံ့မှုများရရှိရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ရှင်းပြသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေသည် သိသိသာသာ တိုးမြင့်ဝင်ရောက် လျက်ရှိပြီး ယနေ့နံနက် ၉ နာရီခွဲအချိန် မြေပြင်တိုင်းထွာချက်များအရ မင်းဘူးမြို့၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ် ကမ်းဘေးတစ်လျောက် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက် ထပ်မံကျော်လွန်ပြီး ရောက်ရှိလာနိုင်သည့်အတွက် ရေဘေးလွတ်ရာနေရာများသို့ အမြန်ပြောင်းရွှေ့နေထိုင်ကြရန် အသိပေးတိုက်တွန်းနှိုးဆော်ခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)