အောင်လံ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်တိုင်းတာချက်အရ မြစ်ရေအမှတ် ၂၄၉၄ စင်တီမီတာရှိပြီး၊ စိုးရိမ်ရေအမှတ် ၂၅၅၀ စင်တီမီတာဖြစ်သည့်အတွက် မြေနိမ့်ပိုင်းတွင် မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန် နှင့်စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ ၃ နာရီက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသက်ဇော်မင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
ထိုသို့ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးရာတွင် အောင်လံမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မြစ်ရေဝင်ရောက် မှုကြောင့် သရက်တောရပ်ကွက်ရှိ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၄၆)ဦးအား ယာယီရေဘေး ရှောင်စခန်း (သရက်တော၊ ဘိုကုန်းဓမ္မာရုံ)သို့ စနစ်တကျ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဘိုကုန်း၊ သရက်တော၊ မကျီးကုန်းရပ်ကွက်များမှ အိမ်သုံးမီတာ ၄၃ လုံး ဖြုတ်သိမ်းထားပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်အားဖြတ်တောက်ထားကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)