မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် မြန်အောင်ရေကာတာတစ်လျှောက် ရေကင်းစခန်း(၈)ခုထားရှိ၍ တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှု

မြန်အောင် ဇူလိုင် ၁၃ 

မိုးရာသီ ဧရာဝတီမြစ်ရေတက်ချိန်တွင် မြန်အောင်ရေကာတာတစ်လျှောက်တွင် ရေကင်းစခန်း (၈)ခုဖြင့် တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ သိရသည်။

မြန်အောင်တာသည် အလျား(၃၉) မိုင်(၂)ဖာလုံခန့် ရှည်လျားပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီမြစ်မကြီး၏အနောက်ဘက် ကမ်းဘေးတစ်လျှောက်တွင် တည်ဆောက်ထားသော အဓိကတာတမံကြီးတစ်ခုဖြစ်သည်။

မြန်အောင်မြို့နယ်အတွင်း မာလကာကုန်း၊ မကျီးစု၊ ကဇွန်းခုံ၊ ကနောင်၊ ညောင်ဝင်း၊ ရွှေကျင်၊ ကျွဲခေါင်းကြီး၊ ဗိုလ်ရုံစုစသည့်ရေကင်းစခန်း(၈)ခုထားရှိ၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များက တာတမံလုံခြုံမှုစောင့်ကြပ်ခြင်း/စောင့်ကြည့်ခြင်းလုပ်ငန်းများ၊ တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးရာသီမြစ်ရေကြီးချိန်တွင် သတိပြုရမည့် တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက် (ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ၊ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ရေကင်းစခန်းများတွင် ရေဘေးကာကွယ်ရေးပစ္စည်းများ အသင့်စုဆောင်းထားရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရသည်။   

ဝင်းဗိုလ်(ပြန်/ဆက်)