လေးမျက်နှာ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်အဖွဲ့နှင့် လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) ရပ်ကွက် စိန်အောင်မင်းဆိပ်ကမ်းတွင် သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းထိုက်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းထိုက်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်းက ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းထိုက်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို စိန်အောင်မင်းဆိပ်ကမ်းရှိ မြစ်အတွင်းပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)