ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် ၃၀.၅စင်တီမီတာအထိ မြင့်တက်

ရေစကြို ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ၁၂ရက်နေ့နံနက် ၆နာရီခွဲချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၉၀၅.၈၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ရေစကြိုမြို့၏စိုးရိမ်ရေမှတ် ၈၇၅.၃၅ စင်တီမီတာထက် ၃၀.၅ စင်တီမီတာအထိ ကျော်လွန်မြင့်တက်ရောက်ရှိနေပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေ မြေနိမ့်ပိုင်းများတွင် နေထိုင်သည့် အိမ်ထောင်စု(၁၂၅)စု ရေနစ်မြှုပ်မှုခံစားရပြီး ရေဘေးရှောင်ပြည်သူလူဦးရေ (၄၀၇)ဦးရှိပြီဖြစ်ရာ ရေဘေးရှောင်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများဖြစ်သည့် တိုက်ကြီးကျောင်း (ကယ်ဆယ်ရေးစခန်းအမှတ်-၁)၊ ဂူကြီးကျောင်း (ကယ်ဆယ်ရေးစခန်းအမှတ်-၂)နှင့် မြို့ထဲလေးမျက်နှာ (ကယ်ဆယ်ရေးစခန်းအမှတ်-၃)တို့တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များက ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည့်ထောက်ပံ့ငွေ ၆၀၀၆၀ကျပ်ကို သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)