ဘုတ်ပြင်းမြို့ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်

ဘုတ်ပြင်း ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အမက-၃၅၈ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အမက-၃၅၈ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝင်းထွေးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း” ပြောကြားသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများအား  စာဖတ်စွမ်းရည်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရေးအတွက်  ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်မှ  မိမိတို့စိတ်ကြိုက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုခြင်းတို့ကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုနောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊  စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)