ကျိုက်လတ်မြို့နယ်၌ “လူငယ်စကားဝိုင်း” ကျင်းပ

ကျိုက်လတ်  ဇူလိုင်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဖောင်ရိုးဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဖောင်ရိုးဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယ မြို့နယ်ပညာရေးမှူး ဦးဇင်ဘိုဘိုနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့က လူငယ်စကားဝိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-10 မှ မဖူးပွင့်ဝေက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-10 မှ မောင်ဇွဲထွဋ်ဝေယံက လူငယ်နှင့်ကျန်းမာရေး၊ Grade-9 မှ မစိုးပြည့်သဇင်လင်းက လူငယ်နှင့်ပညာရှာပမာသူဖုန်းစား၊ Grade-9 မှ မဝင်းသန္တာအောင်က လူငယ်နှင့်အချိန်၏ တန်ဖိုး ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အ.ထ.က (ဖောင်ရိုးဆိပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်