ပခုက္ကူမြို့၌ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့နေရာချထား

ပခုက္ကူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်‌ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ မြစ်ရေဝင်ရောက်သည့် ပြည်သူအိမ်ထောင်စုများအတွက် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။ 

ဧရာဝတီမြစ်ရေဝင်ရောက်သည့် ပခုက္ကူမြို့ပေါ်ရပ်ကွက်နေပြည်သူ အိမ်ထောင်စုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ စုပေါင်း၍ အမှတ်(၁) ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၆၃)စု၊ လူဦးရေ ၂၅၁ဦးအား အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၉၄)ဦးအား အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ အမှတ်(၁၂)ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူအိမ်ထောင်စု (၁၁၅)စု၊ လူဦးရေ(၅၃၄)ဦးအား အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ အမှတ်(၁၃)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၂၅၀)စု၊ လူဦးရေ (၁၀၆၅) ဦးအား သီဟိုဠ်ရှင်နှစ်ထပ်ဆောင်၌ လည်းကောင်း၊ အမှတ်(၁၄)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၆၈)စု၊ လူဦးရေ(၂၈၇)ဦးအား သီဟိုဠ်ရှင်ခန်းမ၌လည်းကောင်း၊ အမှတ် (၁၄)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၃၁)စု၊လူဦးရေ (၁၃၁)ဦးအား အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ စုစုပေါင်းရေဘေးရှောင်စခန်း(၆)ခု၌ ရေဘေးသင့် ပြည်သူအိမ်ထောင်စု (၅၇၂)စု၊ လူဦးရေ(၂၄၆၂)ဦးတို့အား ယာယီပြောင်းရွှေ့နေရာချထားပြီး ထမင်းထုပ်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပခုက္ကူမြို့နယ် မြင်းကျွန်းကျေးရွာအုပ်စုရှိ သိမ်ကုန်းကျေးရွာမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၈၆)ဦးနှင့် မရိုးကုန်းကျေးရွာမှ ရေဘေးသင့် ပြည်သူအိမ်ထောင်စု (၂၅)စု၊ လူဦးရေ(၁၀၅)ဦးအား ကန်လှဘုန်းတော်ကြီးကျောင်း၌ ရပ်ရွာအစီအစဉ်ဖြင့် ပြောင်းရွှေ့နေရာချထားကြကြောင်းနှင့် ဇူလိုင်လ ၉ ရက်မှ ယနေ့အချိန်ထိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၆၁၉)စု၊ လူဦးရေ(၂၆၅၃)ဦးရှိပြီးဖြစ်ကြောင်း သိရသည်။                                                          

ဘာမီသာ(ပခုက္ကူ)