ပေါင်းတည် ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟင်္သာကန်)တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဆွေမှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက လူငယ်နှင့်စာပေအသိပညာအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရှင်သန်ရေး အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး (ဒုတိယဦးစီးမှူး) ဒေါ်ဝင်းမြသန်းက မူလတန်းဆင့် ကျောင်းသား၊ကျောင်းသူများအား အကျင့်စာရိတ္တဆိုင်ရာ ပုံပြင်များ ပြောကြားသည်။
ယင်းနောက် သုတ၊ရသ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေခြင်းနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပြီး ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)