မင်းဘူး ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာပြီး မြစ်ရေ ဆက်လက်ဝင်ရောက်မှုများကြောင့် ယမန်နေ့ နံနက်ပိုင်းက ရေဘေးသင့် အိမ်ထောင်စုပေါင်း ၃၄၀ ကျော်ကို မြို့နယ်အတွင်းရှိ ရေဘေးလွှတ်ရာ နေရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းများရှိရာသို့ ကြိုတင်ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးထားကာ စာသင်ကျောင်း ၃ ကျောင်းကိုလည်း ထပ်မံပိတ်ထားခဲ့ရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာတိုးမြင့်ဝင်ရောက်မှုများကြောင့် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း (၄) ရပ်ကွက်မှ အိမ်ထောင်စုများအပြင် တပင်ကျေးရွာ၊ ကျွဲသိုးမြှောင်ကျေးရွာ၊ ငွေသောင်ကျေးရွာ၊ ထုံးမကြီးကျေးရွာ၊ မန်းကျိုးကျေးရွာ၊ နိဗ္ဗာန်ကျွန်း ကျေးရွာ၊ ပဒေသာကျွန်းကျေးရွာ၊ နန်းတော်ကုန်းကျေးရွာနှင့် ဖလံရုံကျေးရွာတို့မှ အိမ်ထောင်စုပေါင်း (၃၄၆) စု၊ လူဦးရေ (၁၁၆၀) ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ကူညီပေးထားကြောင်း၊ ထို့အပြင် မြို့နယ်အတွင်းရှိ အ.လ.က(ခွဲ) ငွေသောင်၊ အ.မ.က ရွာသစ်ကုန်းနှင့် အ.မ.က (ခွဲ) ပေါက်လေးပင်တို့ရှိ စာသင်ကျောင်း (၃)ကျောင်းကို မြစ်ရေပြန်ကျသည့်အချိန်အထိ ထပ်မံပိတ်ထားခဲ့ရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။
ထိုသို့ပြောင်းရွှေ့ရာတွင် မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ဒေသခံများနှင့် သွားရောက်တွေ့ဆုံပြီး ကယ်ဆယ်ရေးစခန်းများရှိရာသို့ ပြောင်းရွှေ့နေထိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း၊ ဧရာဝတီ မြစ်ရေဝင်ရောက်မှုအခြေအနေနှင့် စိုးရိမ်ရေအမှတ်အား အသိပေးကြေညာခြင်း၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးထုတ်ပြန်ချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများအား နေရာဒေသအလိုက် ယာယီကယ်ဆယ်ရေးစခန်းများ၊ နီးစပ်ရာဆွေမျိုးများနှင့် မိတ်ဆွေအိမ်များအပြင် ရှင်ပင်ကြောင်လိမ်ဘုရား၊ ရှင်မင်းပူးဘုရား၊ မှန်ကင်းကျောင်းတိုက်၊ ချမ်းသာကြီးဘုရား၊ မြသိန်းတန်ဘုရား၊ မင်းဘူး အ.ထ.က (၁) ဘောလုံးကွင်းတို့တွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့ပေးထားကာ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)