စစ်ကိုင်း ဇူလိုင် ၁၃
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းမြို့နယ် ယာယီရေဝင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီမှစ၍ ရေလွတ်ရာ ပြောင်းရွှေ့နေရာများသို့ လှည့်လည်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဌ်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားနှင့် ရွှေပုတီးဆရာတော်ဘုရားတို့ ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် ဇူလိုင်လ(၁၀)ရက်နေ့အထိစာရင်းရှိ ယာယီရေဝင်ပြောင်းရွှေ့ အိမ်ထောင်စုပေါင်း (၈၂၄)စု၊ လူဦးရေပေါင်း(၃၂၈၁)ဦးတို့အား တစ်ဦးလျှင် ဆန်ရိက္ခာ ထောက်ပံ့ငွေ (၂)ပတ်စာ ငွေကျပ်(၄၂၀၀)ကျပ် နှုန်ဖြင့် စုစုပေါင်း ငွေကျပ်(၁၃၇၈၀၂၀၀)ကျပ်တို့အား သက်ဆိုင်ရာ နေရာများသို့ လှည့်လည်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးသလို လေးကျွန်းမြေအုဌ် ကျောင်းတိုက်ဆရာတော်ဘုရား ဦးဆောင်၍ စေတနာရှင်၊ အလှူရှင်များလှူဒါန်းမှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ စားသောက်ရေး အဆင်ပြေစေရန် လိုက်ပါ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်ပြီး ယနေ့ ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ (၁၁၉၈)စင်တီမီတာသို့ ရောက်ရှိနေရာ စိုးရိမ်ရေအမှတ်အထက် (၄၈)စင်တီမီတာရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။
ဇော်မြင့်နိုင်