ချောက်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

ချောက် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်​လေးဖြူ​အနီးကပ်ကြီး​ကြပ်မှု​ဖြင့် ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၅၁)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် "အာဇာနည် နေ့နှင့်ကျွန်ုပ်အတွေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် "အတုယူတတ်စေအာဇာနည်စိတ်ဓါတ်တွေ"​ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် "မေ့မရနိုင်သော အာဇာနည်ခေါင်းဆောင်ကြီးများ" ခေါင်းစဥ်ဖြင့်လည်းကောင်း ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်၌ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။  

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အဆိုပါ အထက်တန်းကျောင်း မြရိပ်ညိုခန်းမတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြော ပွဲပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်​လေးဖြူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက  "လူငယ်နှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရေး" ​​ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသား/သူလေးများက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်​ခေါင်းဆောင်ကြီး ၉ ဦးအကြောင်း ကဗျာများ ရွတ်ဆို၍ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး၏ အတ္ထုပ္ပတ္တိများအား ဖတ်ကြား​ပေးခဲ့ကြပြီး အာရှသူရဲကောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့​ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ၊ ကျောင်းသား/သူများ စုစုပေါင်း ၂၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)